ငလျင်ကြောင့် မြေကြီး တုန်ခါမှု ပမာဏ ဟာ တစ်နေရာတည်းမှာ နည်းနည်းလည်း ဖြစ်နိုင်သလို များများလည်း ဖြစ်နိုင်ပါတယ်။ ဒါပြင် အလယ်အလတ်လည်း ဖြစ်နိုင်ပါတယ်။ အကြမ်းဖြင့် ပြောရရင် ပမာဏ နည်းတဲ့ ငလျင်က မကြာခဏ ဆိုသလို လှုပ်တတ်ပြီးတော့ ပမာဏ များတဲ့ ငလျင်က ရှားရှားပါးပါး လှုပ်ပါတယ်။ အလယ်အလတ် ရှိတဲ့ ငလျင်တွေကတော့ ရံဖန်ရံခါ လှုပ်တယ်ပေါ့လေ။ ဆိုတော့ အဲ့လို ရှားရှားပါးပါး နှစ် ၅၀၀ လောက်မှာ တစ်ခါ (သို့မဟုတ်) နှစ် ၁၀၀၀ လောက်မှာ တစ်ခါ လှုပ်မယ့် ငလျင်ကို ခံနိုင်အောင် design လုပ်ကြမလား လို့ မေးနိုင်ဖွယ်ရာရှိပါတယ်။ နှစ် ၅၀၀ မှာ တစ်ခါလို့ ဆိုတဲ့ အထဲမှာ ရှေ့မှာ နှစ်ပေါင်း ဘယ်လောက်ရှိနေပြီလဲ ကျနော်တို့ မသိနိုင်ပါဘူး။ နောက်နှစ်ကလည်း နှစ် ၅၀၀ မြောက် ဖြစ်နိုင်သလို နောက်လကလည်း နှစ် ၅၀၀ မြောက် ဖြစ်နိုင်ပါတယ်။ နောက်နေ့ တောင် နှစ် ၅၀၀ မြောက် ဖြစ်နိုင်ပါတယ်။ အဲ့လိုဆိုတော့ design မလုပ်ထားဘူးဆိုရင် အန္တရာယ် ရှိပါတယ်။ ဒါဆို ဘယ်လို design လုပ်မလဲ။ လုံးဝ အပျက်အစီး မရှိစေရအောင် earthquake proof လုပ်မလား။ ဒါကလည်း too expensive ဖြစ်ပါတယ်။ Earthquake-Resistant Design ငလျင်ဒဏ်ခံ ဒီဇိုင်း ဆိုတာ ဒီအစွန်းနှစ်ခုရဲ့ ကြားမှာ ရှိပါတယ်။
Building Codes တွေရဲ့ အဓိက ရည်ရွယ်ချက်က ပြင်းအားများတဲ့ ငလျင် လှုပ်တဲ့ အချိန်မှာ ငလျင်ဒဏ်ခံ အဆောက်အဦတွေက ထိခိုက်ပျက်စီးတာတွေ ရှိပေမယ့် ပြိုကျတာမျိုး လုံးဝ မဖြစ်စေရန် ဖြစ်ပါတယ်။ အဓိက ကတော့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်မှု မရှိစေရန် ဖြစ်ပါတယ်။
Earthquake-Resistant Design လုပ်ထားရင်
၁) ပမာဏနည်းပြီးတော့ မကြာခဏ လှုပ်တတ်တဲ့ ငလျင်တွေမှာ main members ( columns & beams) တွေဟာ ထိခိုက်ပျက်စီးမှု မရှိဘဲ တခြား အစိတ်အပိုင်းတွေ ( နံရံ၊ ပြတင်း၊...) ဟာ ပြုပြင်လို့ရနိုင်တဲ့ ပျက်စီးမှု ဖြစ်နိုင်ပါတယ်။
၂) ပမာဏ အလယ်အလတ် ရှိပြီးတော့ ရံဖန်ရံခါ လှုပ်တတ်တဲ့ ငလျင်တွေမှာ main members ( columns & beams) တွေဟာ ပြုပြင်လို့ရနိုင်တဲ့ ပျက်စီးမှု ဖြစ်နိုင်ပြီးတော့ တခြား အစိတ်အပိုင်းတွေ ( နံရံ၊ ပြတင်း၊...) ဟာ ပြုပြင်လို့ မရတော့ဘဲ ပြန်လဲရတဲ့ အနေအထားအထိ ဖြစ်နိုင်ပါတယ်။
၃) ရှားပါးပြီးတော့ ပြင်းအားများတဲ့ ငလျင်လှုပ်ခဲ့ ရင်တော့ main members ( columns & beams) တွေဟာ ပြုပြင်လို့မရတဲ့ ပျက်စီးမှုတွေ အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆောက်အဦကတော့ ပြိုမကျစေရပါ။
အဆောက်အဦတွေဟာ ငလျင်ဒဏ် ခံနိုင်ဖို့အတွက်ဆိုရင် main members တွေဟာ ductile ( ကွေးနိုင်၊ ညွတ်နိုင်) ဖြစ်ဖို့ လိုပါတယ်။ ( Ductile ဖြစ်တာကို ဉပမာပေးရရင် မြေဖြူချောင်းက brittle ဖြစ်တယ်၊ ductile မဖြစ်ဘူး။ ကြေးနန်းကြိုး က ductile ဖြစ်တယ်။ ကွေးညွတ်ခံနိုင်တယ်။) ဒီလို ductile ဖြစ်မှသာ ငလျင်လှုပ်တဲ့အချိန် ပြိုမကျဘဲ ရှေ့နောက် ယိမ်းနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် main members တွေကို detailing ကောင်းကောင်း လုပ်ပေးရတာဖြစ်ပါတယ်။ OMRF ထက် IMRF ကို ပို ဂရုစိုက်ပေးရတယ်။ IMRF ထက် SMRF ကို ပိုဂရုစိုက်ပြီးတော့ detailing လုပ်ပေးရတာဖြစ်ပါတယ်။


0 Comments